လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အနားယူဖို့ မမေ့ပါနဲ့
လေ့ကျင့်ခန်းလုပ်တဲ့သူအများစုဟာ Gym ပုံမှန်သွားဖို့၊ လေ့ကျင့်ခန်း အကြိမ်ရေပြည့်ဖို့ကိုပဲ အာရုံစိုက်တတ်ပြီး တကယ်အရေးကြီးတဲ့ အစာအာဟာရနဲ့ အနားယူတာကို မေ့နေတတ်ပါတယ်။ တကယ်တော့ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားတစ်ခုကို ရဖို့ဆိုရင် အစာအာဟာရနဲ့ အနားယူခြင်းက 70% ၊ လေ့ကျင့်ခန်းက 30% အရေးကြီးပါတယ်။
လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားအမျှင်တွေ စုတ်ပြဲသွားသလို ခန္ဓာကိုယ်တစ်ခုလုံးအတွက် ပြင်းထန်တဲ့ ဖိစီးမှုဖြစ်စေတာကြောင့် ဒါကို သက်သာစေဖို့နဲ့ နောက်ပိုင်း လေ့ကျင့်ခန်းလုပ်ရင်လည်း ခံနိုင်ရည်ပိုရှိစေဖို့ ကောင်းကောင်းအနားယူရပါတယ်။
အစာအာဟာရကတော့ ပျက်စီးသွားတဲ့ ကြွက်သားမျှင်တွေကို ပြန်ကုသတဲ့နေရာမှာ ကူညီပေးဖို့နဲ့ ကြွက်သားမျှင် အသစ်တွေကို ထပ်ဖြည့်စွက်ပေးဖို့၊ လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်ပိုမိုစိုက်ထုတ်နိုင်စေဖို့ ကူညီပေးပါတယ်။ ဒီနှစ်ချက်လုံးက လိုချင်တဲ့ ခန္ဓာကိုယ်အချိုးအစားပန်းတိုင်ကို အချိန်တိုအတွင်း ရောက်နိုင်ဖို့ အားဖြည့်ပေးပါတယ်။
လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ပြီး အနားယူဖို့ မေ့သွားတဲ့အခါ၊ ဒါမှမဟုတ် အလုံအလောက် အနားယူမှု မရှိတဲ့အခါ ဘေးထွက်ဆိုးကျိုးအနေနဲ့
- ကြွက်သားနဲ့ အရိုးအဆစ်တွေမှာ ဒဏ်ဖြစ်လာမယ်။
- ပျက်စီးသွားတဲ့ ဆဲလ်၊ တစ်ရှူးတွေကို အချိန်မီ ကုသနိုင်ခြင်းမရှိတဲ့အခါ လေ့ကျင့်ခန်းထပ်တိုးလုပ်လိုက်ရင် နာကျင်မှုက ပိုဆိုးသွားနိုင်တယ်။
- ကြွက်သားမျှင်တွေ ပျက်စီးနေတာကို မပြုပြင်နိုင်တဲ့အခါ နောက်ထပ် ကြွက်သားမျှင်အသစ်တွေ မထွက်နိုင်တော့ပါဘူး။
- လေ့ကျင့်ခန်းအလုပ်လွန်ပြီး ကိုယ်ခန္ဓာက ပိုပြီးသေးကျုံ့သွားနိုင်တယ်။
- အားမရှိသလို တစ်ကိုယ်လုံးကိုက်ခဲပြီး နုန်းခွေနေရင် လေ့ကျင့်ခန်းလုပ်တဲ့အခါ အားစိုက်ထုတ်နိုင်မှု နည်းသွားမယ်။
- လေ့ကျင့်ခန်းလုပ်တဲ့အခါ ကြွက်သားတွေ မှားပြီးအားစိုက်ထုတ်မိတာလိုမျိုး အမှားအယွင်းတွေ ဖြစ်သွားနိုင်တယ်။
ဒါဆို ဘယ်လိုအခြေအနေမှာ အနားယူဖို့ လိုအပ်လဲ။
အခုမှ စစချင်း လေ့ကျင့်ခန်းလုပ်သူတွေ၊ လူကြီးပိုင်းအရွယ်တွေ၊ အလုပ်မှာ တာဝန်ဝတ္တရား တော်တော်ပိသွားတဲ့ အခြေအနေတွေမှာ ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ တခြားလက္ခဏာတွေအနေနဲ့
- ကြွက်သားဆက်တိုက်နာကျင်တာ
- ကြွက်သားတင်မကဘဲ အရိုးအဆစ်တွေပါ ကိုက်ခဲနေတာ
- လေ့ကျင့်ခန်းမလုပ်ခင်ကတည်းက လူကနုန်းနေတာ
- မတော်တဆ ထိခိုက်မှုတစ်ခုခုဖြစ်ခဲ့တာ
- စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံလာရတဲ့အခါ စိတ်ရောလူပါ အနားယူပေးဖို့ လိုအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပြီးလို့ ကြွက်သားတွေ နာကျင်ကိုက်ခဲနေပြီဆိုရင် အလွယ်တကူ လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေအနေနဲ့
၁။ ရေနွေးအိတ် ကပ်ပေးပါ။ အကယ်လို့ ကြွက်သား၊ အရိုးအဆစ်ထိခိုက်မိလို့ ရောင်နေတယ်ဆိုရင်တော့ ရေခဲအိတ် အရင်ကပ်ပြီးမှ ရေနွေးအိတ်ကပ်ပါ။
၂။ ကြွက်သားနာကျင်နေတဲ့နေရာကို ဒဏ်ကြေဆေး လိမ်းပေးပါ။ ပတ်တီးစီးဖို့ မလိုပေမဲ့ လေ့ကျင့်ခန်းလုပ်သူတွေသုံးတဲ့ ဆေးပတ်တီးအကျပ်တွေနဲ့ ပတ်ထားပေးလို့ ရပါတယ်။
၃။ အစာအာဟာရကို စုံလင်စွာ စားပေးပါ။ ပရိုတင်းဓာတ်၊ ကစီဓာတ်နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပိုစားပေးပါ။
၄။ အိပ်ချိန်ကို ခါတိုင်းထက် ပိုယူပေးပါ။ ညဘက်ကို စောစောအိပ်ပြီး အနားယူပါ။
၅။ လိုအပ်လာမှသာ နာကျင်မှုဝေဒနာ သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး သောက်အိပ်ပါ။
ကောင်းစွာအနားယူခြင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့နဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကနေ အကောင်းဆုံးသော ရလဒ်တွေ ရလာဖို့ ကူညီပေးနိုင်ပါတယ်။ များသောအားဖြင့် အနားယူပေးတာက စစချင်းမှာ ၂ - ၃ ရက်လောက် လိုအပ်ပေမယ့် နောက်ပိုင်း ကျင့်သားရသွားရင်တော့ ၁ - ၂ ရက်လောက် နားပေးရုံနဲ့တင် လုံလောက်ပါတယ်။
ရဲမျိုးမြတ်